Feelings at Twilight Time

Feelings at twilight time နေ၀င်ဆည်းဆာချိန် ခံစားချက်များ အချိန်နှင့် ဒီရေသည် လူကိုမစောင့်သော်လည်း လူကအချိန်ကုန်လွန်ရန် စောင့်ရသည်မှာတော့ အမှန်ဖြစ်သည်။ ဆူရန် စောင့်ကြည့်ခံရသော ရေနွေအိုးသည် ဆူခဲစမြဲဟု ဆိုကြပေလိမ့်မည်။ တစ်၀က်တော့ မှန်ပါသည်။ အကယ်စင်စစ်တွင် အသင်၏ ဖြစ်ပေါ်ခံစားနေရသော စိတ်အနေအထားနှင့် လုပ်ကိုင်ဖြစ်ပေါ်နေသော ဖြစ်ရပ်အပေါ်လည်း မူတည်ပါသည်။ အသင် လုပ်ချင်ကိုင်ချင်သော အရာကို လုပ်ကိုင်နေရပြီး လုံး၀ဥဿုံ စိတ်၀င်စား စျန်၀င်နေပါလျှင် သို့မဟုတ် ပျော်ရွှင်မှုများနှင့် ပြည့်စုံခံစားနေပါလျှင် အချိန်မည်သို့ ကုန်သွားသည်ကိုပင် သိလိုက်မည်မဟုတ်ပါ။ သို့သော်လည်း သင့်ဘ၀၏ စိတ်ညစ်ညူးချိန်ခါများကို ဖြတ်သန်းနေရသည့်အခါများတွင် တစ်လ မဆိုလေနှင့် တစ်ရက်သည်ပင်လျှင် ထာ၀ရအဆုံးမရှိဟု ထင်ရတတ်၏။ အဆုံးမရှိသော အိပ်မက်ဆိုး တစ်ခု၏ အထွတ်အထိပ် ကဲ့သို့ ဖြစ်နေတတ်သည်။ အချိန်အကုန်မြန်သည် နှေးသည်မှာ လူတစ်ဦး၏ အသက်အရွယ်ပေါ်လည်း မူတည်ပေမည်။ မှတ်မိကြပါလိမ့်မည်။ ကျွန်ုပ်တို့ငယ်စဉ် ကျောင်းနေစဉ် ခလေးအရွယ်တုံးက နွေကျောင်းပိတ်ရက်များကို မျှော်လေ၊ မလာလေ၊ ကြာလေ၊ ဟု ထင်ခဲ့ကြသည်မဟုတ်လား။ သို့သော်လည်း ယခု ကျွန်ုပ်တို့၏ ဘ၀သက်တမ်း နေ၀င်ဆည်းဆာချိန် ရောက်လာပြီး ကျွန်ုပ်တို့၏ ကမ္ဘာမြေကြီးပေါ် နေရချိန်များ ကုန်ဆုံးရန် နီးကပ်လာသည်နှင့် အမျှ တစ်နှစ်မဆိုလေနှင့် ဆယ်နှစ်ဟူသော ကာလအပိုင်းအခြားများ သည်ပင် လေပြင်းတိုက်နေသော နေ့များ၌ တိမ်တိုက်များ အရှိန်အဟုန်ဖြင့် ရွေ့လျားသကဲ့သို့ ဖြစ်နေတတ်သည်။ နှစ်များစွာတို့သည် မီးရထားစီးသည့်အခါ တွေ့ရသော ရှုခင်းများကဲ့သို့ ဖြစ်နေတတ်၏။ ရွှံ့နွံထဲလူးနေသော ကျွဲများ၊ လယ်တဲလေးများ၊ လက်ဝှေ့ရမ်းအော်ဟစ်နေသော ခလေးသူငယ်များ၊ သစ်ပင်စုများ၊ တောင်ကုန်းလေးများ ပေါ်ရှိ ဟိုအဝေးမှ စေတီဖြူဖြူများ တို့သည် လျှပ်စီးလက်သကဲ့သို့ ဖြုတ်ခနဲ ဖြုတ်ခနဲ ပျောက်ကွယ်သွားကြပေသည်။ တစ်နေ့မှ တစ်နေ့ တစ်ချိန်မှ တစ်ချိန်နေရသကဲ့သို့ ဖြစ်လာလေပြီ။ တစ်ချိန်တည်း၌လည်း လာတော့မည့် အချိန်ကို စောင့်စား နေရသည် ဖြစ်၏။ သင့်ကိုချစ်ကြသူများ၊ မချစ်ကြသူများနှင့် ကွဲကွာစေမည့် ဘဝြပည်ဖုံးကားချတော့မည့် အချိန်သည်မဝေးတော့။ ဗညားစော

Comments